မြန်မာစစ်တပ်က ပြီးခဲ့သည့်လက မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်ကတည်းက ပြဌာန်းခဲ့သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ နောက်ဆက်တွဲ နည်းဥပဒေများကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ နည်းဥပဒေများသည် မြေပြင်တွင် စစ်တပ်၏ အကြမ်းဖက်ဖိနှိပ်မှုများကို ဆန့်ကျင် တော်လှန် နေမှုများအား ပစ်မှတ်ထား၊ စောင့်ကြည့်၊ ထိန်းချုပ်နိုင်ရေးအတွက် လိုသလို သုံးနိုင်သည့် ဒလဟော အခွင့်အာဏာကို စစ်တပ်အား ပေးအပ်သည့် ပြဌားချက်သာ ဖြစ်သည်။ အဆိုပါ နည်းဥပဒေများက မည်သည့်နည်းဖြင့်မျှ တရားဝင်မှု ရှိလာစရာ မရှိပေ။ သို့သော် ၄င်းတို့သည် မြန်မာနိုင်ငံရှိ ပြည်သူများအပေါ် စစ်တပ်၏ အာဏာရှင်ပီပီ အကြမ်းဖက် ဖိနှိပ်နေမှုများအတွက် အာဏာစက် ဖြစ်စေသည်ကို တွေ့ရသည်။ လူထု၏ အွန်လိုင်း လှုပ်ရှားမှုများ အပါအဝင် စစ်အာဏာရှင် စံနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဆင်ဆာဖြတ်ရန်၊ ကန့်သတ်ရန် နှင့် ထိန်းချုပ်ရန် ရည်ရွယ်ကာ များပြားလှသည့် ဥပဒေဆိုင်ရာ ပြင်ဆင်မှုများကို စစ်တပ်က လုပ်ဆောင်လျက်ရှိရာ ယခုနောက်ဆုံး ထွက်ပေါ်လာသည့် အဆိုပါ နည်းဥပဒေများကို နိုင်ငံတကာ အသိုင်းအဝန်း ကပါ ရှုတ်ချရန် လိုအပ်ပါသည်။
၂၀၂၁ အာဏာသိမ်းစဉ်ကာလမှစ၍ မြန်မာစစ်တပ်သည် အင်တာနက် နှင့် မိုဘိုင်းလ်ဆက်သွယ်ရေးများကို ပိတ်ဆို့ခြင်း၊ ဆက်သွယ်ရေး ကဏ္ဍကို ထိန်းချုပ်ခြင်း၊ စောင့်ကြည့် ထောက်လှမ်းနိုင်သည့် ယန္တရားများ တိုးချဲ့တပ်ဆင်ခြင်း၊ ဆိုရှယ်မီဒီယာ နှင့် စာတိုပေးပို့ခြင်း ဝန်ဆောင်မှုများကို အသုံးပြုကာ အမုန်းစကားများ ဖြန့်ချီခြင်း နှင့် အကြမ်းဖက်မှုများ လှုံဆော်ခြင်း၊ စသည်တို့ လုပ်ဆောင်ကာ ၄င်းတို့၏ ဒီဂျစ်တယ်အာဏာရှင်စံနစ်ကို ကုတ်တွယ် အသက်သွင်းခဲ့သည်။ အားလုံးကို သိမ်းကျုံး ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေ ပြဌာန်းချက်များမှ တဆင့် အပါအဝင် သတင်း လွတ်လပ်ခွင့်ကို ဖျက်သိမ်းရန် နှင့် ကျန်ရှိနေနိုင်သေးသည့် လူထု လွတ်လပ်ရပ်ဝန်း (civic space) ကို ခြေရာခံ ပိတ်ဆို့ရန် စစ်တပ်က ဗျူဟာ ချမှတ်ကာ လုပ်ဆောင် နေခဲ့ခြင်းဖြစ်သည်။
စစ်တပ်က “လက်မခံနိုင်” ဟု သတ်မှတ်သည့် မည်သည့် အကြောင်းအရ ာအတွက် မဆို မီဒီယာ လုပ်ငန်းများ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်သူများနှင့် လူမှုမီဒီယာ ပလပ်ဖောင်းများကို အရေးယူရန် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေ အားပြင်ဆင်ခဲ့သည်။ ၎င်းတို့သည် “သတင်းအတုများ” ကို ရာဇ၀တ်မှုအဖြစ် တရားစွဲဆိုနိုင်ရန် နှင့် ပြည်သူလူထု၏ ပုဂ္ဂိုလ်ဆိုင်ရာ အချက်အလက်များကို အလွယ်တကူ ရယူနိုင်ရန် အတွက် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်ပြဌာန်းခဲ့သည်။ ထို့အပြင် VPN အသုံးပြုခြင်း နှင့် အင်တာနက်ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူများ နှင့် အွန်လိုင်း ပလက်ဖောင်းများထံမှ သုံးစွဲသူ၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို လိုအပ်သလို ရယူနိုင်ရန် အတွက် ၄င်းတို့ စိတ်ကြိုက် ပြင်ဆင်ရေးဆွဲထားသည့် ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းကို ပြန်လည် အသက်သွင်းနိုင်ရေး ကြိုးပမ်းမှုများလည်း ရှိခဲ့သည်။ ထို့အပြင် မိုဘိုင်းလ်ဖုန်းများ၏ IMEI နံပါတ်များ နှင့် ဆင်းမ်ကတ်များ အားလုံးကို မဖြစ်မနေမှတ်ပုံတင်ရန် စည်းမျဉ်းစည်းကမ်းအမိန့်များ ထုတ်ပြန်ခဲ့သည်။ အဆိုပါ အမိန့်များအရ စစ်တပ်က ၄င်းတို့ စောင့်ကြည့်လိုသူများ၏ တည်နေရာ အချက်အလက်၊ ၄င်းတို့၏ ဆက်သွယ်ရေး အချက်အလက်များ နှင့် အဆက်အသွယ်များ စသည်တို့ကို စစ်တပ်အနေဖြင့် မည်သည့် အနှောင့် အယှက်ကိုမျှ မှုစရာမလိုကာ မပြတ်တမ်း ခြေရာခံ စောင့်ကြည့်နိုင်သည့် အခွင့်အာဏာ ရှိသွားစေသည်။
ယခုပြဌာန်းလိုက်သည့် “အကြမ်းဖက်မှု တိုက်ဖျက်ရေး” နည်းဥပဒေများသည် မြန်မာလူထု ခါးစည်းခံနေရသည့် စစ်တပ်၏ များပြားလှစွာသော မတရားဖိနှိပ်မှုများတွင် နောက်ဆုံး ထွက်ပေါ်လာသည့် ဖိနှပ်မှု ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဖြစ်စဉ် အပြီးတွင် စစ်တပ်က ပြင်ဆင်ဖွဲ့စည်းခဲ့သည့် “အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုကော်မတီအဖွဲ့” (Central Committee for Counter Terrorism) က “အကြမ်းဖက်မှု” သို့မဟုတ် “အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့များ” ကို တားမြစ် ဖြိုခွဲရန် ရည်ရွယ်သည် ဟု ဆိုကာ အဆိုပါ နည်းဥပဒေများကို ရေးဆွဲခဲ့ခြင်းဖြစ်သည်။ အဆိုပါ နည်းဥပဒေ အခန်း – ၁၄ (ပုဒ်မ ၇၉ မှ ၈၅ အထိ) -ပါ အချက်များက စစ်တပ်အား “တည်နေရာ အတည်ပြုခြင်း” သို့မဟုတ် မိုလ်ဘိုင်းဖုန်းများနှင့် အီလက်ထရောနစ် ဆက်သွယ်ရေးလမ်းကြောင်းများကို ‘ကြားဖြတ် ဖမ်းယူနားထောင်ခြင်း၊ ဆက်သွယ်ရေးနည်းလမ်းများကို ပိတ်ဆို့ခြင်းနှင့် ကန့်သတ်ခြင်း” စသညတို့ကို နိုင်ထက်စီးနင်း လုပ်ဆောင်နိုင်ရေး အမိန့်ပေးခွင့်ရရန် အာဏာပေးအပ်ထားသည်။ အဆိုပါနည်းဥပဒေများက စစ်တပ်အား ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်သူများထံမှ အသုံးပြုသူများ၏ တည်နေရာ၊ ၄င်းတို့ အသုံးပြုသည့် ဆက်သွယ်ရေးဆိုင်ရာ အချက်အလက်များ နှင့် ချိတ်ဆက်ထားသည့် ကွန်ယက်များနှင့် ပတ်သက်သည့် အချက်အလက်များကို သာမက ၎င်းတို့၏ ဖုန်းနံပါတ်နှင့် အခြား ဆက်သွယ်ရေးဆိုင်ရာ အချက်အလက်များ၊ အီးမေးလ်များ၊ အင်တာနက်ကြည့်ရှုမှုမှတ်တမ်း သို့မဟုတ် ၄င်းတို့၏ အွန်လိုင်းပေါ်ရှိ အခြားသော လုပ်ဆောင်မှုများကို အချိန်နှင့် တပြည်းညီ ကြားဖြတ်နားထောင် စောင့်ကြည့် ရန်လည်း ခွင့်ပြုထားသည်ကို တွေ့ရသည်။
ထို့အပြင် အဆိုပါ ပြဌာန်းချက်များအရ “အကြမ်းဖက်သမားများ” သတ်မှတ်ချက်သည် မိမိရင်သွေး ကျောင်းတက်ခွင့် ပညာသင်ကြားခွင့်အတွက် ကြိုးပမ်းနေသူ မည်သူမဆိုက “အကြမ်းဖက်သမား” အဖြစ် သတ်မှတ်ခံနေရပါသည်။ ၂၀၂၁ ခုနှစ်တွင် စစ်တပ်က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG), နှင့် ၄င်းတို့နှင့်ဆက်နွှယ်နေသော ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (PDF) ကို “အကြမ်းဖက်အဖွဲ့များ”အဖြစ် သတ်မှတ်ခဲ့သည်။
စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ဆန္ဒပြကာ မိမိတို့တာဝန်ကျရာ အစိုးရ စာသင်ကျောင်းများသို့ ပြန်မသွားတော့သဖြင့် လည်းကောင်း၊ ယင်းသို့ လုပ်ဆောင်သည့်အတွက် စစ်တပ်က အလုပ်ထုတ်ဖြင်း ကြောင့် လည်းကောင်း အလုပ်ထွက်သွားသည့် ပညာရေးဝန်ထမ်း ၄၀၀,၀၀၀ ကျော် ရှိနေသည့် တိုင်းပြည် ဖြစ်သလို၊ အစိုးရစာသင်ကျောင်း မဟုတ်သည့် အခြားကျောင်းများတွင် သင်ကြားနေသည့် ကလေးငယ်များနှင့် စာသင်ကျောင်းများကို ပစ်မှတ်ထားကာ စစ်တပ်က ညှာတာမှုကင်းမဲ့စွာ လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည့် တိုင်းပြည်တွင် ကျောင်းသား အများစုအတွက် အွန်လိုင်းပညာရေးသည် တစ်ခုတည်းသော ကျန်ရှိသည့် ရွေးစရာ ဖြစ်ပါသည်။ ယခု ပြဌာန်းလိုက်သည့် ဥပဒေများအရ အမျိုးသားညီညွတ်ရေး အစိုးရက ပံ့ပိုးပေးထားသည့် အွန်လိုင်းကျောင်းများကို “အကြမ်းဖက်” အဖွဲ့အစည်းများအဖြစ် သတ်မှတ်သည်ဖြစ်ရာ စစ်တပ်က အဆိုပါ ကျောင်းများနှင့် အနည်းအကျဥ်း ဆက်စပ်သူများကိုပင် “အကြမ်းဖက်သမား” “အကြမ်းဖက် လုပ်ရပ်” အဖြစ် သတ်မှတ်ကာ တရားစွဲဆို ပြစ်ဒဏ် ချမှတ်လျက်ရှိသည်။
မတ်လအလယ်က ချင်းတွင်းသတင်းဌာနက ဖော်ပြသည့် သတင်းအရ စစ်ကိုင်းတိုင်းဒေသကြီး၌ အသက် ၇၂ နှစ် အရွယ် အဘွားတစ်ဦးအား သူမ၏မြေး ဖြစ်သူအား အမျိုးသားညီညွတ်ရေး အစိုးရ လက်အောက်ရှိ အွန်လိုင်း ပညာရေးစနစ်တွင် တက်ရောက်စေရန် စာရင်း ပေးသွင်းမှုကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးနည်းဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် စစ်တပ်က ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မတ်လ အနှောင်းပိုင်း ကာလတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ဖက်ဒရယ်စာသင်ကျောင်းမှ ဆရာ/မ ၁၅ ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး ၄င်းတို့အား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် “ပြင်းထန်စွာ အရေးယူမည်” ဖြစ်သည့်အပြင် “မိဘများ နှင့် ကျောင်းသားများသည်လည်း ပစ်မှတ်ထား” ကာ ဖမ်းဆီး အရေးယူမည်ဖြစ်ကြောင်း စစ်တပ်က ခြိမ်းခြောက် သတိပေးခဲ့မှုများရှိသည်။ ယခုလ အစောပိုင်းကာလတွင် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ရှိ ပုဂ္ဂလိကကျောင်း ၃ ကျောင်းမှ ဆရာ/မများ သည် စစ်တပ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် ဟု ဆိုကာ အဆိုပါ ဥပဒေ ပုဒ်မ (၅၀)နှင့် (၅၂)အရ စစ်တပ်က အဆိုပါ ဆရာမများအား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပစ်ဒဏ် ချမှတ်ခဲ့သည်။
ဤနည်းဥပဒေများ မပြဌာန်းခင်ကပင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၏ ဆိုးရွားသည့် သက်ရောက်မှုများကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ Access Now ဖတ်ရှု့ရသည့် ရဲမှတ်တမ်းများအရ ၂၀၂၁ ဖေဖော်ဝါရီလ နှင့် ၂၀၂၂ ဒီဇင်ဘာလ ကာလများတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးခြင်းခံရသော အမှုပေါင်း ၁၇,၈၀၀ ကျော်ရှိသည်ဟု သိရပြီး၊ ယင်းတို့အနက် အမှုပေါင်း ၇,၀၀၀ ကျော်အား ပစ်ဒဏ်ချမှတ်ပြီး ဖြစ်ကြောင်း နှင့် လက်ကျန်အ မှုများသည် တရားရုံးတွင် အမှုရင်ဆိုင်ဆဲ သော်လည်းကောင်း၊ စုံစမ်းစစ်ဆေးခြင်း အဆင့်တွင် သော်လည်းကောင်း ရှိနေကြောင်း ဖော်ပြထားသည်။ ယခုအခါ နည်းဥပဒေများပါ တိုးချဲ့ ပြဌာန်း လိုက်သည်ဖြစ်ရာ စစ်တပ်က ဤဥပဒေဖြင့် တရားစွဲဆိုမှုများ ပို၍တိုးလာမည်မှာ မလွှဲဧကန်ပင် ဖြစ်ပါသည်။ ထို့ကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေသည် မည်သို့မျှ တရားမဝင်သည့် အတွက် ရှုံချရမည် ဖြစ်သည်။ တိုက်ဖျက်ရန် လိုအပ်သည့် အကြမ်းဖက်မှုဆိုသည်မှာ မြန်မာပြည်သူလူထုက လုပ်ဆောင်သည့် အရာများမဟုတ်ဘဲ စစ်တပ်၏ လုပ်ရပ်များကိုသာ ဖြစ်ကြောင်း သိစေအပ်သည်။